ဦးကျော်အေး
အတွဲ ၂၉ ၊ အမှတ် ၅၇၈ (၂၀ - ၂၆ ၊ ၇ ၊ ၂၀၁၂)
ပထမအကြိမ်
ပြည်ထောင်စုလွှတ် တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့ရဲ့
စတုတ္ထပုံမှန်အစည်း အဝေးများ ကျင်းပနေတဲ့ကာလအတွင်းမှာ
ထူးခြားတဲ့လုပ်ဆောင်မှုတစ်ခုကို တွေ့ရှိရတယ်။ အတွဲ ၂၉ ၊ အမှတ် ၅၇၈ (၂၀ - ၂၆ ၊ ၇ ၊ ၂၀၁၂)
လွှတ်တော်ကိုတင်ပြမယ့် ဥပဒေကြမ်းတွေကို နိုင်ငံပိုင်သတင်းစာ တွေမှာ အချပ်ပိုအဖြစ် ထည့်သွင်းပေး ခြင်းဖြစ်ပါတယ်။ 'ပြည်သူအများသိရှိ လေ့လာ အကြံပြုနိုင်ရေးအတွက် ဖော်ပြ ခြင်းဖြစ်သည်' ဆိုတဲ့ စာတစ်ကြောင်းကို လည်း အောက်ခြေမှာ ဖော်ပြထားတယ်။
ဒါဟာ လက်ရှိအစိုးရခေတ်မှာ ဆောင် ရွက်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေထဲက နောင်လာနောက်သားတွေ (မျိုးဆက် သစ်တွေ) အတွက် အစဉ်အလာကောင်း တစ်ခုရဲ့ 'အစ' အဖြစ် သမိုင်းတွင်ရစ်မယ့် လုပ်ဆောင်ချက်တစ်ရပ် ဖြစ်တယ်လို့ လည်း ဆိုနိုင်မှာ ဖစ်ပါတယ်။
အင်္ဂလိပ်ခေတ်နဲ့ လွတ်လပ်ရေးရပြီး ပါလီမန်ခေတ်တွေတုံးကတော့ အင်္ဂလိပ် ခေတ်က "Burma Gazette" လို့ခေါ်ပြီး ပါလီမန် ခေတ်မှာ 'မြန်မာနိုင်ငံပြန်တမ်း' လို့ခေါ်တဲ့ အပတ်စဉ်ထုတ် အစိုးရ ပြန်တမ်းမှာ Bill လို့ခေါ်တဲ့ 'ဥပဒေကြမ်း' နှင့် 'ပြဋ္ဌာန်းပြီးဥပဒေ' တွေကို ထည့်သွင်း ဖော်ပြခဲ့တာတော့ ရှိပါတယ်။
ဒီလိုဖော်ပြ ရတာကတော့ အင်္ဂလိပ်တို့ရဲ့ (နောင်မှာ မြန်မာတို့လည်း လက်ခံထားတဲ့) ဥပဒေ ဆိုင်ရာ အခြေခံသဘောတရားတစ်ရပ် ကြောင့် ဖြစ်ပါတယ်။
အများနားလည် လွယ်အောင် အကျဉ်းချုပ်ပြီးပြောရမယ် ဆိုရင်တော့ "ဥပဒေတစ်ရပ်၊ ဥပဒေ အာနိသင်ရှိတဲ့ အမိန့်တစ်ရပ်၊ အုပ်ချုပ်ရေးဆိုင်ရာအမိန့်တစ်ရပ်ကို 'ပြန်တမ်း' ထဲမှာ ထည့်သွင်းဖော်ပြပြီးဖြစ်လျှင် ဒါဟာ အစစ်အမှန်ဖြစ်တယ်၊ ပြည်သူ/ ပြည်သားအားလုံး သိရှိပြီးဖြစ်တယ်လို့ မှတ်ယူရမယ်၊ ကျွန်တော်/ကျွန်မအနေ ဖြင့် မသိလို့ပြုလုပ်မိတာပါလို့ ဆင်ခြေ ပေးခွင့်၊ ခုခံချေပခွင့်မရှိ" ဆိုတဲ့အဓိပ္ပာယ် ပဲ ဖြစ်ပါတယ်။
ပြည်သူအားလုံးကို ဥပဒေနှင့်အညီ အသိပေးပြီးဖြစ်တယ်လို့ ဆိုလိုတဲ့သဘောပါ။ တကယ်ဆိုတော့ အစိုးရပြန်တမ်းကို ဖတ်တယ် ဆိုတာ ဌာနဆိုင်ရာ အစိုးရ၀န်ထမ်းတွေ၊ ရှေ့နေ တွေ၊ သတင်းသမားတွေနဲ့ ကုမ္ပဏီ လူကြီးတချို့လောက်ပဲရှိတာပါ။
ယခု သတင်းစာထဲမှာ ထည့်တာလောက်တော့ ကျယ်ပြန့်မှုမရှိပါဘူး။ တော်လှန်ရေးကောင်စီ ခေတ်၊ လမ်းစဉ်ပါတီခေတ်၊ တပ်မတော် အစိုးရ ခေတ်တွေမှာတော့ ဥပဒေကြမ်းတွေကို သတင်းစာတွေထဲမှာ မထည့်ဘူး။
ဥပဒေ အဖြစ် ကြေညာပြဋ္ဌာန်းတဲ့အခါမှာပဲ ထည့်ပေးတယ်။
ဒီလိုထည့်ပေးရတာက လည်း အထက်မှာပြောခဲ့တဲ့ ဥပဒေရဲ့ အခြေခံသဘောတရားအရ ဖြစ်တဲ့ အပြင် ဥပဒေကိုလူတိုင်း သိရှိ နားလည် လျှင် တိုင်းပြည်အတွက် ပိုပြီး အကျိုး ဖြစ်ထွန်းမယ်ဆိုတဲ့ အယူအဆအရ အများပြည်သူသိပါစေဆိုတဲ့ ရည်ရွယ် ချက်နဲ့ ထည့်ပေးခြင်းဖြစ်ပါတယ်။
ဥပဒေတစ်ရပ်အဖြစ် အသက်ဝင်ဖို့က အင်္ဂါသုံးရပ်နဲ့ ပြည့်စုံရမှာဖြစ်တယ်။ (၁) ဥပဒေပြုအဖွဲ့က ဥပဒေအဖြစ်ပြဋ္ဌာန်း ဖို့ဆုံးဖြတ်ပြီး ဖြစ်ရမယ်၊ (၂) နိုင်ငံတော် အကြီးအကဲ (ဘုရင်၊ သမ္မတ၊ ဥက္ကဋ္ဌ စသည်) က လက်မှတ်ရေးထိုးရမယ်၊ (၃) ပြည်သူအများသိရှိအောင် အစိုးရ ပြန်တမ်းမှာ ထုတ်ပြန်ကြေညာရမယ်ဆို တဲ့ အချက်တွေဖြစ်ပါတယ်။
ဒါ့ပြင် နောင်ကာလရှည်ကြာစွာ သမိုင်း အထောက်အထားအဖြစ် ကျန်ရစ်စေဖို့ ဆိတ်သားရေ (goat skin) လို့ခေါ်တဲ့ တာရှည်ခံ စက္ကူထူတစ်မျိုးအပေါ်မှာ ဥပဒေ(အချော)ကို ကူးယူပြီး နိုင်ငံတော် အကြီးအကဲက လက်မှတ်ရေးထိုးပေး ထားတဲ့ မူရင်းဥပဒေကို မော်ကွန်းတိုက်မှာ ထိန်းသိမ်းထားရပါတယ်။
ဆောင်းပါးအစမှာ ဖော်ပြခဲ့တဲ့ အတိုင်း လက်ရှိ လွှတ်တော်များရဲ့ ပုံမှန်အစည်းအဝေးများ ကျင်းပနေတဲ့ ကာလအတွင်းမှာ လွှတ်တော် များသို့ တင်ပြမယ့်ဥပဒေကြမ်းများကို နိုင်ငံပိုင် သတင်းစာများမှာ အချပ်ပိုအဖြစ် ထည့် သွင်းပေးလိုက်လို့ ဥပဒေကြမ်းခုနစ်ခုကို စာရေးသူရရှိထားပါတယ်။
(၁) လာဘ် ပေးလာဘ်ယူမှု ပပျောက်ရေးဥပဒေ ကြမ်း၊ (၂) ရာဇသတ်ကြီးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ (၃) ကာလ စည်းကမ်းသတ်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ (၄) တရားရုံးများ မထီမဲ့မြင် ပြုမှုဥပဒေကြမ်း၊ (၅) ပစ္စည်းလွှဲပြောင်း ခြင်း အက်ဥပဒေကိုပြင်ဆင်သည့်ဥပဒေ ကြမ်း၊ (၆) တရားမကျင့်ထုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း၊ (၇) ရာဇ၀တ် ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေ ကြမ်း တို့ဖြစ်ပါတယ်။
ဒီအထဲမှာ ထူးဆန်း တာတစ်ခုကတော့ 'ရာဇသတ်ကြီး ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း' ဆိုတာပါပဲ။
ဒီဥပဒေကြမ်းရဲ့ခေါင်းစီးကို ဖတ်လိုက်တာနဲ့ စာရေးသူခေါင်းထဲမှာ ရေးစရာ (ပြဿနာ) ၀င်လာတာနဲ့ ဒီဆောင်းပါးကိုရေးလိုက်တာပါ။
'ရာဇသတ်ကြီးဥပဒေကို ပြင်ဆင် သည့် ဥပဒေကြမ်း' ဆိုတဲ့ ဥပဒေခေါင်းစီး (အမည်)ကို ဖတ်လိုက်တာနဲ့ စာရေးသူ စိတ်ထဲမှာ ပေါ်လာတာက 'ရာဇသတ် ကြီး ဥပဒေဆိုတာ ရှိလို့လား'၊ 'ရာဇသတ် ကြီးဆိုတာ ဥပဒေဟုတ်ရဲ့လား' ဆိုတဲ့ မေးခွန်းများ ဖြစ်ပါတယ်။
ဒီနေရာမှာ လည်း ဒီဥပဒေနဲ့ပတ်သက်လို့ နောက်ခံ သမိုင်းကြောင်းကို ပြောဖို့လိုဦးမှာပါ၊ 'ရာဇသတ်ကြီး'ရယ်လို့ မြန်မာဘာသာ ပြန်ဆိုထားတဲ့ မူရင်းဥပဒေက အင်္ဂလိပ် ဘာသာနဲ့ပြဋ္ဌာန်းခဲ့တဲ့ "The Indian Penal Code" ဖြစ်ပါတယ်။ ဒီဥပဒေကို အင်္ဂလိပ်ကိုလိုနီ ဖြစ်ခဲ့တဲ့ အိန္ဒိယနိုင်ငံ အတွက် ၁၈၆၀ ပြည့်နှစ်၊ အက်ဥပဒေ အမှတ် (၄၅)အဖြစ် ပြဋ္ဌာန်းခဲ့ပြီး ၁၈၆၁ ခုနှစ်၊ မေလ ၁ ရက်နေ့မှာ စတင် အာဏာတည်ခဲ့ကြောင်း မြန်မာနိုင်ငံ ဥပဒေအတွဲ(၈)မှာ ဖော်ပြထားပါတယ်။
၁၈၈၆ ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်နေ့က စပြီး မြန်မာပြည် ကို ဗြိတိသျှအိန္ဒိယရဲ့ ပြည်နယ်တစ်ခုအဖြစ် သွတ်သွင်းသတ် မှတ်လိုက်တဲ့ အတွက် "The Indian Penal Code" ဟာ မြန်မာပြည်က လိုက်နာရမယ့် ဥပဒေတစ်ခုဖြစ်လာခဲ့ပါ တယ်။
လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ "Indian" ဆိုတဲ့စကားလုံးကိုဖြုတ်ပြီး "The Penal Code" လို့ သုံးစွဲခဲ့တာ ယနေ့အထိပဲဆိုပါတော့။
(ဒီဥပဒေကို အိန္ဒိယပြည်တွင် အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းခဲ့ရာမှာ အိန္ဒိယပြည်သူအများ နားလည်စေရန် တိုင်းရင်းသားဘာသာ စကားဖြင့် ဘာသာပြန်ဆိုခြင်းမပြုမီ အာဏာတည်စေခြင်း မဖြစ်သင့်လို့ ယူဆပြီး အမှန်တကယ် ဥပဒေအာဏာတည်သည့်နေ့အဖြစ် ၁၈၆၂ ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်နေ့ကို ၁၈၆၁ ခုနှစ်၊ အိန္ဒိယဥပဒေ အမှတ်(၆)ဖြင့် ပြင်ဆင်သတ်မှတ်ခဲ့ကြောင်း အိန္ဒိယဥပဒေ ကျမ်းပြုပညာရှင် များရေးတဲ့စာအုပ်များမှာတွေ့ပါတယ်) အမှန်အားဖြင့် 'ရာဇသတ်ကြီး' ဆိုတာ မူရင်းဥပဒေရဲ့အမည်ဖြစ်တဲ့ "The
Penal Code" ကို တိုက်ရိုက် ဘာသာ ပြန်ဆိုထားတာမဟုတ်ဘဲ သဘော အဓိပ္ပာယ်အားဖြင့်တူညီတဲ့ မြန်မာ ဝေါဟာရအဖြစ် အသုံးပြုထားခြင်း ဖြစ်ပါ တယ်။
"Penal" ရဲ့ မြန်မာလိုအဓိပ္ပာယ် က 'ပြစ်မှုနှင့်သက်ဆိုင်သော' (၀ါ) 'ပြစ်မှု ဆိုင်ရာ'၊ 'ပြစ်ဒဏ်ပေးသော' လို့ ဖြစ်ပါ တယ်။ 'ရာဇသတ်' ဆိုတာက မင်းရဲ့အမိန့်၊ သို့မဟုတ် မင်းရဲ့အမိန့်ကို ဆန့်ကျင် ကျူးလွန်သူများကို ပြစ်ဒဏ်ပေးတဲ့ ဥပဒေလို့ အဓိပ္ပာယ်ရတာကြောင့် ရှေးခေတ် ဥပဒေဘာသာပြန်ဆရာကြီး များက "The Penal Code" ကို 'ရာဇသတ်ကြီး'လို့ ပြန်ဆိုခဲ့တာဖြစ်ပါ လိမ့်မယ်။
ဒါပေမယ့် 'ရာဇသတ်ကြီး' နောက်မှာတော့ 'ဥပဒေ' ဆိုတဲ့စကားလုံးကို ထည့်ထားတာမတွေ့ရဘူး။ (တရားသူကြီးများက စီရင်ချက် ရေးသားကြရာ မှာ 'ရာဇသတ်ကြီးဥပဒေ' လို့ သုံးစွဲတာ မျိုးတော့ ရှိကောင်းရှိနိုင်ပါတယ်။) လွတ်လပ်ရေးမရမီ ကာလတုန်းက တော့ တရားသူကြီးတွေရဲ့စီရင်ချက်တွေ၊ စီရင်ထုံးတွေကို အင်္ဂလိပ်လို ရေးသားခဲ့ ကြတာဖြစ်လို့ "The Penal Code" ကို မြန်မာဘာသာ ပြန်ဆိုသုံးစွဲဖို့ မလိုအပ်ခဲ့ဘူး။
လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၇၃ ခုနှစ်လောက်အထိ စီရင်ချက်၊ စီရင်ထုံးတွေမှာ 'ရာဇသတ်ပုဒ်မ --'၊ 'ရာဇသတ်ကြီးပုဒ်မ ---' စသည်ဖြင့် သုံးစွဲ ခဲ့ကြပါတယ်။ (တချို့တလေ 'ရာဇသတ်ဥပဒေ' ဆိုပြီး သုံးစွဲတာတွေလည်းရှိနိုင်ပါတယ်)။ ၁၉၇၄ ခုနှစ်မှာ 'ဆိုရှယ်လစ်' ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်လာတဲ့ နောက်ပိုင်းမှာတော့ ရာဇ (ရာဇာ) ဆိုတာ ရှင်ဘုရင်(မင်း) နှင့်သက်ဆိုင်တဲ့ ဝေါဟာရဖြစ်တဲ့အတွက် 'ဆိုရှယ်လစ်' တွေက 'ရာဇ' ပါတဲ့အသုံးအနှုန်းတွေကို မသုံးလိုကြတော့ဘူး၊
ဒါကြောင့် "The Penal Code" ကို 'ပြစ်မှုဆိုင်ရာဥပဒေ' ဆိုပြီး ဘာသာပြန်ဆိုသုံးစွဲလာခဲ့ကြတာ ယနေ့ထိဖြစ်ပါတယ်။ ( Code ဆိုတဲ့ အဓိပ္ပာယ်ကိုတော့ ဆောင်းပါးရှည်နေ မှာစိုးလို့ ဒီနေရာမှာ မရှင်းလင်းတော့ဘူး။ ပြဋ္ဌာန်းထားပြီး/ရှိပြီး ဥပဒေ ပေါင်းချုပ်၊ သို့မဟုတ် ဥပဒေစာအုပ်လို့ ပဲ မှတ်ယူကြပါရန်။ ရှေးခေတ်ကတော့ 'ကိုဓဥပဒေ'လို့ ဘာသာပြန်သုံးစွဲခဲ့ပါတယ်၊ ဥပဒေနှင့်အတူတူပါပဲ။)
စာရေးသူရဲ့လက်မှာ အခုရှိနေတာက ၁၉၆၈ ခုနှစ်မှာ ဗဟိုပုံနှိပ်တိုက် (အစိုးရ ပုံနှိပ်တိုက်)က ပုံနှိပ်ထုတ်ဝေခဲ့တဲ့ "ရာဇ သတ်ကြီး" စာအုပ်ဖြစ်ပါတယ်။ ('ရာဇသတ်ကြီး' နောက်မှာ 'ဥပဒေ'ဆိုတဲ့ စကားလုံး မပါပါဘူး။) ဒီစာအုပ်မျက်နှာ ဖုံးနဲ့ အတွင်းမျက်နှာဖုံးတို့မှာ "၁၉၆၃ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့ထိ ပြင်ဆင်ထား သည့်အတိုင်း 'မြန်မာဘာသာပြန်ဥပဒေ ကော်မတီ'က ဘာသာပြန်သည်၊ ၁၉၆၈ ခုနှစ်တွင် ပြန်လည်ပုံနှိပ်သည်'လို့ ဖော်ပြ ထားတာ တွေ့ရတယ်။
ဘာသာပြန် ဥပဒေကော်မတီရဲ့ 'အမှာ' မှာလည်း '၁၉၄၈ ခုနှစ်၊ မြန်မာဘာသာပြန် (တရား)ဥပဒေနှင့် ဝေါဟာရ (များ) အက်ဥပဒေ' (၁၉၄၈ ခုနှစ်၊ အက်ဥပဒေအမှတ် ၂၇) အရ 'ရာဇသတ်ကြီး' ကို မြန်မာဘာသာ ပြန်ဆိုခြင်းဖြစ်ကြောင်း ဖော်ပြထားတယ်။
(ဒီလိုဖော်ပြရမှာ အဲဒီဥပဒေ ခေါင်းစီးမှာမပါတဲ့ '၁၉၄၈ ခုနှစ်'၊ 'တရား'၊ 'များ' ဆိုတဲ့စကားလုံးများကို ဖြည့်စွက် ဖော်ပြထားတာ တွေ့ရတယ်၊ ထားလိုက်ပါတော့)။ ဒီနေရာမှာ 'မြန်မာဘာသာပြန် ဥပဒေနှင့် ဥပဒေဝေါဟာရအက်ဥပဒေ' အကြောင်း ပြောပြဖို့လိုမှာ ဖြစ်တယ်။
၁၉၄၈ ခုနှစ်မှာ မြန်မာနိုင်ငံလွတ်လပ် ရေးရခဲ့ပြီးနောက် အင်္ဂလိပ်လက်ထက် က အင်္ဂလိပ်လိုပြဋ္ဌာန်းခဲ့တဲ့ ဥပဒေတွေကို မြန်မာဘာသာ ဖြင့်ရှိသင့်တယ်လို့ ယူဆခဲ့ကြပုံရတယ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ ၂၁၆ မှာ "မြန်မာ ဘာသာသည် ရုံးသုံးဘာသာ ဖြစ်ရမည်" လို့ ပြဋ္ဌာန်းထားတာကြောင့်လည်းဖြစ်မယ်။
ဒါကြောင့် ၁၉၄၈ ခုနှစ်မှာပဲ "မြန်မာ ဘာသာပြန်ဥပဒေနှင့် ဥပဒေဝေါဟာရ အက်ဥပဒေ"ဆိုတဲ့ ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းခဲ့ပါတယ်။
ဒီဥပဒေရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အင်္ဂလိပ်ဘာသာ ဖြင့်ရှိနေတဲ့ ဥပဒေတွေကို ကျွမ်းကျင်သူများပါဝင်တဲ့အဖွဲ့က မြန်မာ ဘာသာ ပြန်ဆိုမယ်။
ပြီးရင်တရားရေးဌာန၀န်ကြီး ထံ တင်ပြမယ်။ တရားရေးဌာန၀န်ကြီးက အဲဒီတင်ပြချက်အတိုင်းဖြစ်စေ၊ မိမိ သဘောအလျောက် ပြင်ဆင်ချက်ဖြင့် ဖြစ်စေ 'မြန်မာဘာသာပြန်ဥပဒေဆိုင်ရာ အမိန့်' တစ်ရပ်ကို ထုတ်ပြန် ကြေညာမယ်၊ အဲဒီလိုကြေညာလိုက်တာနှင့် မြန်မာ ဘာသာပြန်ဆိုထားတဲ့ဥပဒေဟာ အမိန့် စတင်အာဏာတည်တဲ့နေ့ကစပြီး မူလ စာမူ (မူလအင်္ဂလိပ်ဥပဒေ)နဲ့ အလားတူ အာဏာတည်စေရမယ်လို့ဆိုတယ်။
အဲဒီ မှာ ချွတ်ယွင်းချက်သုံးရပ်တွေ့ရတယ်။
ပထမအချက်က ၀န်ကြီးကထုတ်ပြန်တဲ့ 'မြန်မာဘာသာပြန် ဥပဒေဆိုင်ရာ အမိန့်'ကို ဥပဒေပြုအာဏာပိုင်ဖြစ်တဲ့ ပါလီမန်လွှတ်တော် ကိုတင်ပြပြီး ဥပဒေ အဖြစ် ပြဋ္ဌာန်းရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက် မျိုး မပါဘဲ အဲဒီအမိန့်ကိုထုတ်ပြန်ပြီး နောက် 'လျင်မြန်သမျှ လျင်မြန်စွာ ပါလီမန်ဆိုင်ရာ လွှတ်တော်အသီးသီးသို့ တင်ပြရမည်' လို့သာ ပြဋ္ဌာန်းချက်ပါရှိတယ်။
ဒီတော့ 'ဥပဒေပြုအဖွဲ့က အတည် ပြု ဆုံးဖြတ်ခြင်းမရှိတဲ့ မြန်မာဘာသာပြန် ဥပဒေဟာ ဥပဒေဖြစ်သလား' ဆိုပြီး သံသယဖြစ်တာ ဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့၊ ကျိုးကြောင်းဆီလျော်တဲ့ သံသယဖြစ် တယ်လို့ပဲ ပြောရမှာဖြစ်တယ်။
ဒုတိယချွတ်ယွင်းချက်ကတော့ ဥပဒေ ပြဋ္ဌာန်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း အရ ဥပဒေကြမ်းကို ပါလီမန်လွှတ်တော်က အတည်ပြုပြီးဖြစ်ပေမယ့်လည်း နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး ပြီး ပြန်တမ်းမှာကြေညာမှသာ ဥပဒေဖြစ် လာနိုင်တယ်၊ ဥပဒေဖြင့် အပ်နှင်းထားတဲ့ အာဏာအရအမိန့်တွေ ထုတ်ပြန်တယ် ဆိုလျှင်လည်း (အဲဒီခေတ်က) သမ္မတ ရာထူးအမည်ဖြင့်သာ ထုတ်ပြန် ခဲ့တယ်။
ဝန်ကြီးကထုတ်ပြန်တယ်ဆိုတာမျိုး မရှိခဲ့ဘူး။
အဲဒီဥပဒေအရ ၀န်ကြီးက အမိန့် ထုတ်ပြန်တာနှင့် ဥပဒေအဖြစ်တည်စေ ရမည်ဆိုတာဟာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ဥပဒေပြုရေးဆိုင်ရာ မူသဘောနဲ့မကိုက်ညီဘူး။
နောက်ပြီး အဲဒီအမိန့်မျိုးထုတ်ပြန်ခဲ့တာကိုလည်း မြန်မာနိုင်ငံ ပြန်တမ်းများမှာ (စာရေးသူ အနေဖြင့် မတွေ့ခဲ့ဘူးလို့) မရှိခဲ့ဘူးလို့ ထင်တာပဲ။ တည်ဆဲဥပဒေတွေထဲမှာ အဲဒီလိုဘာသာပြန်ဥပဒေဆိုတာလည်း မရှိပါဘူး။ လွတ်လပ်ရေးမရခင် အင်္ဂလိပ် ခေတ်မှာ ကတည်းက ဥပဒေကို မြန်မာ ဘာသာပြန်ဆို ထုတ်ဝေခဲ့တာတွေ (ဥပမာ- တရားမကျင့်ထုံးကိုဓဥပဒေ၊ ရာဇ၀တ်ကျင့်ထုံး ကိုဓဥပဒေ၊ သက်သေခံ အက်ဥပဒေ၊ ပဋိညာဉ်အက်ဥပဒေ စသည်) ရှိခဲ့ပါသော်လည်း အဲဒီဘာသာပြန်ဥပဒေတွဟာ ဥပဒေမဟုတ်ဘူး။ အင်္ဂလိပ်စာ မတတ်တဲ့ ပြည်သူတွေ သိရှိဖို့အတွက်သာ ရည်ရွယ်ခဲ့တာဖြစ် တယ်။ တတိယချွတ်ယွင်းချက်ကတော့ အဲဒီ ဥပဒေအရ ဆိုလျှင် "The Penal Code" နဲ့ 'ရာဇသတ်ကြီး' တို့ဟာ ဥပဒေအဖြစ် အပြိုင် အာဏာတည်နေမယ်ဆိုတဲ့ သဘောဖြစ်နေတယ်။
ဒီလိုမဖြစ်သင့်ဘူး၊ အကြောင်းအရာတစ်ရပ်တည်းအတွက် ဘာသာစကားနှစ်မျိုးနဲ့ ဥပဒေနှစ်ရပ် ရှိနေမယ်ဆိုရင် ဥပဒေပါစကားရပ် တစ်ခုနဲ့ ပတ်သက်လို့ အငြင်းပွားမယ် ဆိုရင် အဲဒီဥပဒေနှစ်ရပ်အနက် ဘယ် ဥပဒေကို အတည်ယူရမှာလဲဆိုတဲ့ ပြဿနာပေါ်ပေါက်မှာ ဖြစ်တယ်။
ဒါပေမယ့် ' မြန်မာဘာသာပြန်ဥပဒေ နှင့် ဥပဒေဝေါဟာရအက်ဥပဒေ'အရ ထုတ်ပြန်ကြေညာခဲ့တဲ့ မြန်မာဘာသာ ပြန် ဥပဒေဆိုတာကို မတွေ့ရှိရဘဲ အဲဒီ ဥပဒေကို ၁၉၅၇ ခုနှစ်၊ အက်ဥပဒေ အမှတ် ၅၂ အရ ၁-၁-၅၈ နေ့မှ စ၍ ရုပ်သိမ်းခဲ့ကြောင်း တွေ့ရှိရပါတယ်။
ဒီတော့ '၁၉၆၈ ခုနှစ်တွင် ပြန်လည်ပုံနှိပ် သည်' လို့ဆိုတဲ့ 'ရာဇသတ်ကြီး' ဆိုတာ ဟာ အဲဒီဥပဒေကို မရုပ်သိမ်းခင်က အဲဒီဥပဒေ ပုဒ်မ(၄) နဲ့အညီ ထုတ်ပြန် ကြေညာခဲ့တဲ့ ဘာသာပြန်ဥပဒေဟုတ် မဟုတ် စိစစ်ကြည့်ရမှာဖြစ်ပါတယ်။
အဲဒီ "ရာဇသတ်ကြီး" စာအုပ်မှာ ဖော်ပြ ထားတဲ့ ဘာသာပြန်ဥပဒေကော်မတီရဲ့ 'အမှာ' မှာ 'ရာဇသတ်ကြီး၏ မြန်မာ ဘာသာပြန် ဆိုချက်ကို တရားဝန်ကြီး ဌာန၏ သဘောတူညီချက်ဖြင့် နိုင်ငံ တော် အစိုးရပုံနှိပ်တိုက်တွင် ပုံနှိပ်ပါ သည်' လို့ ဖော်ပြထားတာကို တွေ့ရတဲ့ အတွက် "The Penal Code" ရဲ့ မြန်မာ ဘာသာပြန်ဆိုချက်ဖြစ်တဲ့ 'ရာဇသတ် ကြီး'ဆိုတာဟာ ဖော်ပြပါဥပဒေ မရုပ် သိမ်းခင်က အဲဒီဥပဒေရဲ့ ပုဒ်မ(၄)နှင့် အညီ တရားဝင်ထုတ်ပြန်ကြေညာခဲ့တဲ့ ဘာသာပြန်ဥပဒေမဟုတ်ဘဲ အဲဒီဥပဒေကို ရုပ်သိမ်းပြီးမှ တရားဝန်ကြီးဌာနရဲ့ အတည်ပြုချက်ဖြင့် ရိုက်နှိပ်ထုတ်ဝေတဲ့ ဘာသာပြန်ဥပဒေဖြစ်ကြောင်း ထင်ရှား နေပါတယ်။
တရားဝင်အမိန့်ကြော်ငြာ စာ ထုတ်ပြန်ခဲ့မယ်ဆိုလျှင် အမိန့် ကြော်ငြာစာထုတ်ပြန်တဲ့ ရက်စွဲနဲ့ အမိန့် ကြော်ငြာစာအမှတ်တို့ကို 'အမှာ' မှာ ဖော်ပြဖို့ မမေ့တန်ကောင်းပါဘူး။
ဆိုလိုတာက အခုလက်ရှိ 'ရာဇသတ်ကြီး'ဆိုတဲ့ မြန်မာဘာသာပြန်ဥပဒေဟာ ဥပဒေမဟုတ်ဘူးလို့ ပြောရမှာဖြစ်ပါတယ်။
ဥပဒေဆိုတာက ဥပဒေပြုအဖွဲ့ ကအတည်ပြုဆုံးဖြတ်ပြီး နိုင်ငံတော် အကြီးအကဲက လက်မှတ်ရေးထိုးပြီး မြန်မာနိုင်ငံပြန်တမ်းမှာ ကြေညာတဲ့ စာမူအတိုင်းသာ ဥပဒေဖြစ်ပါတယ်။
ဒါကြောင့် "The Penal Code" သည် ဥပဒေဖြစ်ပြီး 'ရာဇသတ်ကြီး'သည် ဥပဒေ မဟုတ်လို့ ဆိုရမှာဖြစ်ပါတယ်။
၁၉၈၈ ခုနှစ်မှစ၍ တပ်မတော်အစိုးရလက် ထက်မှာ မြန်မာဘာသာဖြင့် ပြဋ္ဌာန်းပြီး ထုတ်ပြန်ကြေညာခဲ့တဲ့ ဥပဒေအားလုံး ကို "The New Light of Myanmar" အင်္ဂလိပ်သတင်းစာမှာ အင်္ဂလိပ်ဘာသာ ဖြင့် ထည့်သွင်းဖော်ပြဖို့ အင်္ဂလိပ်ဘာသာ ပြန်ဆိုခဲ့တာတွေ ရှိပါတယ်။
အဲဒီ အင်္ဂလိပ်ဘာသာပြန် ဥပဒေတွေဟာလည်း ဥပဒေမဟုတ်ပါဘူး။ သက်ဆိုင်ရာ နိုင်ငံခြားသားနှင့် နိုင်ငံခြားအဖွဲ့အစည်းများက သိရှိနိုင်စေရန် သတင်းပေးတဲ့ သဘောသာ ဖြစ်ပါတယ်။ ချုပ်ပြီးပြောရမယ်ဆိုရင်တော့ 'ရာဇ သတ်ကြီး'ဆိုတာ ဥပဒေမဟုတ်တဲ့ အတွက် 'ရာဇသတ်ကြီးဥပဒေကို ပြင်ဆင်သည့်ဥပဒေ' ဆိုတာ မရှိနိုင်ပါဘူး။
ပြင်ဆင်ဖို့လိုအပ်မယ်ဆိုလျှင်လည်း ဥပဒေအဖြစ် တရားဝင်တည်ရှိဆဲဖြစ်တဲ့ "The Penal Code" ကိုသာ အင်္ဂလိပ် ဘာသာဖြင့် ပြင်ဆင်ရမှာဖြစ်ပါတယ်။
တခြားသာဓကတွေပြစရာမလိုဘဲ ထင်ရှားနေတာက အဲဒီ 'ရာဇသတ်ကြီးကို ပြင်ဆင်သည့်ဥပဒေကြမ်း' ဆိုတာနဲ့ အတူ ထုတ်ဝေ ထားတဲ့ 'ကာလ စည်းကမ်းသတ်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း'၊ 'ပစ္စည်းလွှဲပြောင်းခြင်း အက် ဥပဒေကိုပြင်ဆင်သည့် ဥပဒေ ကြမ်း'၊ 'တရားမကျင့်ထုံး ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း'နဲ့ 'ရာဇ၀တ် ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေ ကြမ်း'တို့ဟာ အလွန်ထင်ရှားနေတဲ့ သာဓကတွေပဲ ဖြစ်ပါတယ်။
အဲဒီဥပဒေ တွေဟာ အင်္ဂလိပ်ဘာသာဖြင့်ပြဋ္ဌာန်း ခဲ့တာဖြစ်လို့ ပြင်ဆင်မယ့် စကားရပ်တွေကိုလည်း အင်္ဂလိပ်ဘာသာဖြင့်ပဲ ဖော်ပြ ထားပါတယ်။
နောက်တစ်ချက်စဉ်းစားဖို့ ရှိတာက မြန်မာပြန်ဥပဒေဖြစ်တဲ့ "ရာဇသတ်ကြီး"ကိုသာ ပြင်ဆင်ပြီး တရားဝင် တည်ဆဲဥပဒေဖြစ်တဲ့ "The Penal Code" ကို မပြင်ဘဲ ဒီအတိုင်းပဲထားမယ် ဆိုရင် ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာ တွေကိုလည်း စဉ်းစားဖို့လိုမှာဖြစ်ပါတယ်။
ယခုတင်ပြခဲ့တာတွေက 'ရာဇသတ် ကြီးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း' မှာပါတဲ့ ပြင်ဆင်ချက်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးချက် တွေမဟုတ်သေးဘူး၊ အထက်မှာဖော်ပြခဲ့တဲ့ ဥပဒေကြမ်း ခုနစ်ခုစလုံးမှာပါဝင်တဲ့ ပြဋ္ဌာန်းချက်များနဲ့ပတ်သက်လို့ ဆွေးနွေးစရာတွေ လည်း ရှိပါသေးတယ်။
ပြစ်မှုဆိုင်ရာ (ရာဇသတ်ကြီး) download ရန်နေရာ။
No comments:
Post a Comment